မြိတ် မေ ၉
“ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား”ဟု ၂၀၂၂ခုနှစ် ကမ္ဘာ့ကြက်ခြေနီ နေ့ ဆောင်ပုဒ်ဖြင့် (၇၄)နှစ်တိုင်ခဲ့ပြီဖြစ်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား ကို တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။
အခမ်းအနား၌ အကြိမ်(၂၀)မြောက်သွေးအလှူရှင် ဂုဏ်ပြုဆု၊ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ၊ အထွေထွေ ဗဟုသုတပြိုင်ပွဲ၊ ရှေးဦးပြုစုခြင်းအခြေခံအဆင့်ပြိုင်ပွဲ၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်း အမှတ်အဖြစ် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးစေရေး အသိပညာပေး ဆေးရောင်ခြယ်ပြိုင်ပွဲတို့တွင် ဆုရရှိ ကြသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။
၂၀၂၂ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌကပေးပို့သည့် သဝဏ်လွှာအား မြိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ဖတ်ကြားခဲ့ပြီး ဂုဏ်ပြုဆုများရရှိကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျောင်းသား/သူများအား မြိတ်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကိုဗစ်ရောဂါကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုအကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကူညီ ကယ်ဆယ်ရေး အကြောင်းအရာများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးစေရေး အသိပညာပေး အကြောင်းအရာများနှင့် ရှေးဦးပြုစုခြင်းပညာရပ်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပြသထားသည့် ပညာပေးပြခန်းအား အခမ်းအနား တက်ရောက လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(မြိတ်)