သက်တော် (၉၈) နှစ်ရှိ ဝေဠုဝန်‌ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လာရောက်ဖူးမြော်

မင်းလှ မေ ၉

ပဲခူးတိုင်းဒေသကြီး၊  အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက် ၁၁ နာရီချိန်က မင်းလှမြို့နယ်၊ အမှတ် (၅) ရပ်ကွက် သက်တော် (၉၈) နှစ်ရှိ ဝေဠုဝန်‌ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံဃာတော် (၅) ပါးထံ၌  ဝန်ကြီးချုပ်နှင့် အဖွဲ့က ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သင်္ကန်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီး၏ အန္တိမဈာပန အခမ်းအနား ကျင်းပနိုင်ရန် အလှူငွေသိန်း (၁၀၀) ကျပ် လှူဒါန်း ခြင်းနှင့် ရေစက်သွန်းချ အမျှတန်းပေးဝေခြင်း များပြုလုပ်ခဲ့သည်။

ဆက်လက်၍ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ် သက်တော် (၉၈) နှစ်၊ ဝါတော် (၇၈) ဝါရှိ ဆရာတော်ဘုရားကြီးသည် မေလ ၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ချိန်က ဘဝနတ်ထံ ပျံလွန်တော်မှုသွားသဖြင့် ယာယီစံ ကျောင်းတိုက်၌ အပူဇော်ခံထားသော ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော်အား ဝန်ကြီးချုပ်နှင့် အဖွဲ့က ကတ္တီခြုံထည် အား လှူဒါန်းခြုံထည်ပေးခဲ့ပြီး ကြည်ညိုဖူး‌မြော်ခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့် အဖွဲ့သည်မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့၍ ဆေးရုံ၌ လိုအပ်သည်များ သုံးစွဲနိုင်ရန် အလှူငွေ (၅) သိန်းကျပ်အား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)