စလင်း မေလ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ညောင်ပင်လယ်ကျင်း၊ ကျေးရွာအုပ်စု ရုံးပင်ကန်ကျေးရွာ အထူးစိမ်းသစ်တော (၂.၉၀)ဧကတွင် ပျိုးပင်ပေါင်း(၁၅၀၀)ပင် မိုးရာသီ စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အပူပိုင်းဒေသ စိမ်းလန်း စိုပြေရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေတို့မှ ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ယမန်နေ့နံနက်၁၀နာရီအချိန်က စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။
စလင်းမြို့နယ်သည် အပူပိုင်းဒေသ အညာဒေသဖြစ်သည်နှင့်အညီ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု ရုံးပင်ကန်ကျေးရွာ ပတ်ဝန်းကျင်တွင် အမြဲစိမ်းလန်းစေရန် နှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန၏ ဆောင်ပုဒ်များဖြစ်သည့်၊ ဥတုရာသီ တောကိုမှီ၏၊ တောတောင်စိမ့်စမ်းစိတ်ရွှင်လန်း၏၊၊ တောရိပ်ခိုနေအပန်းဖြေ၏၊ တောမဲ့ မြေသား ရေတိုက်စား၏၊ တောတောင်ရှိမှ စမ်းရေရ၏၊၊ ရွှေပင်ငွေခက်တောမှ ထွက်၏ ဆိုသည့် ဆောင်ပုဒ်များနှင့်အညီ သဘာဝတောများ ရှင်သန်စိမ်းလန်းစိုပြေ သာယာလှပစေရန်နှင့် ကျေးရွာအစဉ်အဆက်သုံးစွဲဖို့ တစ်ရွာတစ်တော တည်ထောင်နိုင်ခဲ့ပြီး၊ ပေါက်မကယ်တာအဆိုပြု ကြိုးပြင်ကာကွယ်တော စိုက်ခင်းအမှတ်၃/၂၀၂၂(အထူးစိမ်း) တစ်အုပ်တစ်မတောကို ပျိုးပင် ပေါင်း (၁၅၀၀)ပင်စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်သည်။ စိုက်ပျိုးပင်များမှာ ဒဟတ်ပင်(၈၀၀)၊ ယင်းမာပင်(၃၅၀)၊ ဖျောက်ဆိပ်ပင်(၃၅၀)တို့အား စလင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေတို့ ကြီးကြပ်မှုဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ စိုက်ပျိုး ခဲ့ကြသည်။
ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု ရုံးပင်ကန် ယာယီပျိုးဥယျာဉ်တွင်လည်း ပျိုးပင်ပေါင်း (၇၄၁၀၀)အား ပျိုးထောင်ထားရှိပြီး ယူကလစ်ပင် (၄၇၇၄၀) ရှားပင် (၂၄၂၀၀) မျှင်ဝါးပင် (၂၁၆၀)တို့အား ပျိုးထောင်ထားရှိကြောင်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ သိရှိရသည်။
မောင်လွင်(စလင်း)