ယင်းမာကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အထောက်အပံ့ဖြင့် စိုက်ဧက(၃၅၀)ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖော်ထုတ် နေမှုကို စစ်ဆေး

ရွှေဘို  စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ယင်းမာကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ အထောက်အပံ့ဖြင့် စိုက်ဧက(၃၅၀) ကျော်အကျိုးပြုမည့် ကုန်ထုတ်လမ်း‌ ဖော်ထုတ် ဆောင်ရွက်နေမှုကို ယနေ့ နံနက် ၁၁နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ သိရသည်။

 ရာသီဥနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးထုတ်လုပ်မှုစီးပွားရေး ကွင်းဆက်ဆိုင်ရာ စီမံကိန်းမှ ယင်းမာကျေးရွာကုန်ထုတ်လမ်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အထောက်အပံ့ ကျပ်သိန်း(၃၀၄)သိန်းကျော်ဖြင့် တင်ဒါအောင်မြင်သော ရဲမာန်ကုမ္ပဏီမှ ကုန်ထုတ်လမ်း (အရှည် ၄၆၀၀ ပေ၊ အကျယ် ၁၅ ပေ) ကျောက်ရောမြေ တင်ခြင်းနှင့်၎င်းအပေါ် အရှည်(၄၆၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉)လက်မ ဂျင်းလမ်းခင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထိုကုန်ထုတ်လမ်း ဆောင်ရွက်နေမှုကို ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများက လမ်းအရည်အသွေးပြည့်မှီရေး၊ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေးနှင့် ရေရှည် အသုံးပြုနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ် သည်များကို ကုမ္ပဏီတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါကုန်ထုတ်လမ်းသည် အရင်က မြေစီးမြေသားလမ်းဖြစ်ပြီး မိုးရာသီ၌ နွားလှည်းများ သွားလာဖို့ အလွန်ခက်ခဲကြောင်းနှင့် ကုန်ထုတ် လမ်းပြီးစီးသွားပါက စိုက်ဧက(၃၅၀)ကျော် အချိန်မရွေး လယ်ယာသုံးစက်ကြီးများ ဝင်ထွက်နိုင်ပြီး ထုတ်ကုန်များလည်း အချိန်မီပို့ဆောင်နိုင် တော့မည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ ထံမှသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)