နောင်ဘိုကျေးရွာတွင် နွေရာသီပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲကျင်းပ

ဘားအံ မေ

ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပိုမို တိုးတက် မြင့်မားလာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အားပေးကူညီမှုဖြင့် ဖွင့်လှစ် သော နွေရာသီ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခန့် က ဘားအံမြို့နယ်၊ နောင်ဘိုတိုက်ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နောင်ဘိုတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တ အရိယဝံသအား ဖူးမြော်ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နွေရာသီပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ ကရင် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာစွာနေထိုင်နိုင်ရေး ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်ကဏ္ဍပေါင်းစုံကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများ၏ စာပေ၊ စကား၊ ရိုးရာဓလေ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသား ရေးစရိုက်လက္ခဏာများ မပပျောက်အောင်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ယနေ့နွေရာသီစာပေနှင့် ယဉ် ကျေးမှုသင်တန်းဆင်းပွဲသို့ တက်ရောက်လာသူအားလုံးတွင်တာဝန်ရှိပါကြောင်း၊ သင်တန်းမှပို့ ချပေးခဲ့သည့် သင်ခန်းစာများကို မိမိရပ်ရွာသို့ပြန်ရောက်ပါက လက်ဆင့်ကမ်းထိန်းသိမ်းမြှင့်တင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းသားသင်တန်းသူများအနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးခွန်သိန်းတင်က သင်တန်းဆိုင်ရာကိစ္စရပ်များ အား ရှင်းလင်းတင်ပြပြီး အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကြကာ ပအိုဝ်းရိုးရာ ယဉ်ကျေးမှုအကနှင့် ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအကတို့ဖြင့် ဧည့်ခံဖျော်ဖြေကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ နှင့်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေး အပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)