ကျောက်ကြီးမြို့နယ် Community Centre ခန်းမ၌ ကမ္ဘာ့ကြက်ခြေနီနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၃/၂၀၂၂)ဆင်းပွဲ အခမ်းအနားပြုလုပ်

ကျောက်ကြီး မေ ၈

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်း၍ ကမ္ဘာ့ ကြက်ခြေနီနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဦးပြုစုခြင်း ( အခြေခံ)သင်တန်း  (၃/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင်ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း တက်ရောက် အမှာစကားပြောကြားပြီး၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်သင်းက ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့်လည်ကောင်း၊ ကျောက်ကြီးမြို့နယ်တွင် ရှေးဦးပြုစုခြင်းပညာ ပြန့်ပွားစေရန်၊ အနာဂတ် ကြက်ခြေနီ လူငယ်မျိုးဆက် သစ်များ ပေါ်ထွက်လာစေရန်နှင့် အများပြည်သူများ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်၊ ကျန်းမာရေးအသိပညာများမြှင့်တင်ရန်၊ ဘေးဒုက္ခကျရောက်သူများအား ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီရန်၊ ရှေးဦးပြုစုခြင်းပညာ လူထုအတွင်းပြန့်နှံရန်၊ ကြက်ခြေနီ သင်္ကေတအရေးပါမှုအားသိရှိရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး သင်တန်းသား(၃၅)ဦးဖြင့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအား သင်တန်းကာလ (၃)ရက်သတ်မှတ် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး သင်တန်းတွင် ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ပြီး၊ ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲ နာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သင်တန်းသား(၃၅)ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က မြို့နယ် ကြက်ခြေနီ အသင်းခွဲနှင့် ကြက်ခြေနီတပ်ဖွဲ့ တို့ကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ သင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားပို့ချပေးသော နည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို မေလ ၅ ရက်နေ့မှ မေလ၇ ရက်နေ့အထိ သင်တန်းသား(၃၅)ဦးဖြင့် သင်တန်းကာလ(၃)ရက်တာ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့​ရာ သင်တန်းဆင်းပွဲအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ  တက်ရောက်ခဲ့​ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်