ပဲခူး စက်တင်ဘာ ၃
ပဲခူးမြို့ ဥဿာမြို့သစ်၊ (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံး၊ အစည်းအဝေးခန်းမ တွင် ယနေ့ နံနက် ၁၀ နာရီက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်က အာဟာရပြည့်ဝမျှတပြီး ကျန်းမာ ကြံ့ခိုင်တဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွက်လာစေရေး၊ နိုင်ငံသားတိုင်း၏ အာဟာရအခြေအနေ ကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ အထောက် အကူဖြစ်စေမည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်းများနှင့် နှီးနွယ်ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးကပါ ဝိုင်းဝန်းပြီး လက်တွဲညီညီ ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် နိုင်ငံသားများ အာဟာရပြည့်ဝရေးအတွက်နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက်ပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဌာနများနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ မှတ်တမ်းတင်ထားသည့် ဗီဒီယို အား ပြသရာ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး အာဟာရပြည့်ဝစွာ စားသုံးတတ်စေရန်၊ အာဟာရအသိပညာကို လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက် သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်စေရန် ရည်မှန်းလျက် နှစ်စဉ် သြဂုတ်လတစ်လလုံးကို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိပြီး ပထမသီတင်းပတ်ကို ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယ သီတင်းပတ်ကို ငါးနှစ်အောက်ကလေးများ၊ ကျောင်းနေအရွယ်ကလေးများနှင့် လူငယ်များအား အာဟာရ ဖွံ့ဖြိုးရေး သတ္တပတ်၊ တတိယသီတင်းပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထသီတင်း ပတ်ကို အိုင်အိုဒင်းချို့တဲ့မှုရောဂါများ ပပျောက်ရေးနှင့် အစာတွင် အဏုအာဟာရ ဖြည့်စွက်ရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ထားရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး ဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာကိုဦး၊ ဒေါက်တာအေးအေးငြိမ်း၊ ဒေါက်တာနီနီလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)