ပွင့်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက် ၊ ကျေးရွာအုပ်စု(၅၂)အုပ်စုနှင့် ကျေးရွာပေါင်း(၂၀၄)ရွာရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေ ပါဝင်မဲပေးနိုင်ရေးအတွက် ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ စီမံချက်ကာလဖြစ်သည့် ဩဂုတ်လ ၃၁ ရက်နေ့အထိ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့် ကျား/မ စုစုပေါင်း ၁၆၁၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့် ၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲ၍ နယ်လှည့်ကွင်းဆင်းပြီး သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ် ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး မြို့နယ်ရုံးသို့ လာရောက်ပြု လုပ်ကြသည့် ပြည်သူများ ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးအနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက် ၊ ကျေးရွာအုပ်စု(၅၂)အုပ်စု ၊ ကျေးရွာပေါင်း ၂၀၄ ရွာရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ပြီး သစ္စာစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ဆောင်ရွက်ပေးခဲ့ရာ စီမံချက်ကာလဖြစ်တဲ့ ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးတဲ့ ကျား ၅၇၀ ဦး ၊ မ ၁၀၄၈ ဦး ၊ စုစုပေါင်း ကျား/မ ၁၆၁၈ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိအောင် ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးတဲ့သူတွေကိုလည်း ရွေးကောက်ပွဲမှာ မဖြစ်မနေ ပါဝင်မဲပေးနိုင် ရေးအတွက် ပြုလုပ်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့် က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)