ဘားအံ မေ ၈
ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေးအတွက် ယမန်နေ့နံနက် ၇ နာရီခွဲခန့်က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)နှင့် ဘားအံတက္ကသိုလ် တို့တွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်းအင်အား ၁၅၀ ဦးဖြင့် ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ စွန့်ပစ်ပစ္စည်းနှင့်အမှိုက်များ ဖယ်ရှားခြင်း အစရှိသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ ISOLATION UNIT အဆင့်မြှင့်တင် ဆောင်ရွက်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သာယာပတ်လမ်း(ကျော်ဇေယျလမ်း)၌ အရှည် ၁၆၀၀ ပေရှိ ကျောက်စီမြေထိန်း နံရံ တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက လုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့နှင့် ဘားအံတက္ကသိုလ်မှ ဝန်ထမ်းများ စုစုပေါင်းအင်အား ၂၀၁ ဦးဖြင့် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း