မြင်းမူ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ စည်ပင်သာယာဈေးကြီးအတွင်း ဈေးရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးအတွင်း လာရောက်ဈေးဝယ်သူများအား နှာခေါင်းစည်း (mask) များ တပ်ဆင်မှုရှိရေးအတွက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရှိရသည်။
ဈေးအတွင်း ဈေးရောင်း/ဝယ်သူ များပြားမှုမရှိစေရေးအတွက် ကုန်စိမ်းရောင်းချသူများကို မြို့နယ် ပြည်သူအားကစားကွင်းသို့ ယာယီပြောင်းရွေ့ဖွင့်လှစ်ထားရှိသည့်အတွက် ဈေးဝယ် ဝင်ရောက်မှုပုံမှန်သာ ဝင်ရောက်မှုရှိကြောင်း၊ ဝင်ရောက်လာသည့် ဈေးဝယ်သူများကို အပူချိန် တိုင်းခြင်း၊ နှာခေါင်းစည်း(mask) များ တပ်ဆင်ဝင်ရောက်စေခြင်းတို့ကို ဈေး(၂)နေရာတွင် ပိုမိုကြပ်မတ် ဆောင်ရွက်ပေးနိုင်ကြောင်း မိမိတို့ဌာနဝန်ထမ်းများမှလည်း ဈေးဖွင့်ချိန်မှစ၍ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဈေးများအတွင်းအသံချဲ့စက်ဖြင့် နှာခေါင်းစည်းများ တပ်ဆင်ရန် မပြတ်ဆော်ဩပေးလျက်ရှိကြောင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးလှမျိုးအောင်ထံမှ သိရှိရသည်။
ထို့အပြင် လမ်းသွားလာလျက်ရှိသော ပြည်သူများအား နှာခေါင်းစည်း(mask)များ အခမဲ့ပေးဝေခြင်းကိုလည်း အပါတ်စဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)