နည်းပညာတက္ကသိုလ်(ဘားအံ)၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်

ဘားအံ မေ ၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (ဘားအံ) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဆဋ္ဌမနှစ် ပညာသင်ကြားပြီးဆုံးအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲခန့်က အဆိုပါတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဘွဲ့ယူ မောင်မယ်များအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဂုဏ်ပြုစကားပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကိုတည်ဆောက်ရာတွင် နည်းပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍသည် အခြေခံကျသော အုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ ပြည်နယ်အတွက် အင်ဂျင်နီယာလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရာဖြစ်သည့် နည်းပညာတက္ကသိုလ်(ဘားအံ)မှ အေဂျီတီအိုင် ဒီပလိုမာလက်မှတ်ရရှိပြီးသူ (၁၅၄၀) ဦး၊ ဘီတက်ချ်ဘွဲ့ရရှိပြီးသူ (၁၁၇၆) ဦး၊ ဘီအီးဘွဲ့ရရှိပြီးသူ(၁၀၈၉)ဦးနှင့် အမ်အီးဘွဲ့ရရှိပြီးသူ(၅)ဦး၊ စုစုပေါင်း (၃၈၁၀)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မျိုးဆက်သစ် အင်ဂျင်နီယာများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ် လေ့လာပြီး ကြိုတင်မျှော်တွေးတတ်ကြရန်၊ တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို ကျရာကဏ္ဍမှနေ၍ တာဝန်ကျေပွန်စွာဖြင့် စိတ်စေတနာထား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ဇော်လတ် အမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့ဝင် ပုဂ္ဂိုလ်များက အင်ဂျင်နီယာဘွဲ့ အပ်နှင်းမည့်စင်မြင့်ထက်တွင် နေရာယူကြပြီး လိုအပ်သည့် ကတိခံဝန်ချက်များရယူကာ နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ်က အင်ဂျင်နီယာဘွဲ့(မြို့ပြ)၊ အင်ဂျင်နီယာဘွဲ့(အီလက်ထရောနစ်)၊ အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား)၊ အင်ဂျင်နီယာဘွဲ့(စက်မှု) ရရှိသူ (၂၀)ဦး အဝေးရောက်ဘွဲ့ရယူသူ(၆)ဦး စုစုပေါင်း (၂၆)ဦးအား  ဘွဲ့လက်မှတ်များ အပ်နှင်းသည်။

ယင်းနောက် နည်းပညာတက္ကသိုလ်(ဘားအံ)ဒုတိယပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်အခမ်းအနားဆိုင်ရာ မိန့်ခွန်းပြောကြားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘွဲ့ယူပြီးသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသားမိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း