လှိုင်းဘွဲ မေ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ မေလ(၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁)အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက် ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က ကြက်ခြေနီအသင်းနှင့်ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ တပ်ခွဲမှူး ဇင်မြတ်မူဝင်းထက်က မြို့နယ်ကြက်ခြေနီအသင်း၏ မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်ဆောင်ပုဒ်များ၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ မြို့နယ်အတွင်း ကျေးရွာများတွင် ရှေးဦးသူနာပြုစုခြင်း သင်တန်း ဖွင့်လှစ်နိုင်ခဲ့မှုနှင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အသိပညာပေး ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)