ပခုက္ကူမြို့နယ်တွင် စိစစ်ပြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၂၇)ဦး၏ အမည်စာရင်း အတည်ပြု ကပ်ထားကြေညာ

ပခုက္ကူ စက်တင်ဘာ ၃

ပခုက္ကူမြို့နယ်တွင်လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်းကြေညာချက် ပုံစံ(၁၀)ကို မဲဆန္ဒနယ်အလိုက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ပေးပို့ပြီး ဩဂုတ်လ ၃၀ရက်နေ့မှစတင်၍ စိစစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၇)ဦး ၏ အမည်စာရင်းများ အတည်ပြုကပ်ထားကြေညာထားကြောင်းသိရသည်။

ပခုက္ကူမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း(၇)ဦး၊ မကွေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်လောင်း(၆)ဦး၊ မကွေးတိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ မကွေး တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး စုစုပေါင်း နိုင်ငံရေးပါတီ(၇)ပါတီမှ  လွှတ်တော်ကိုယ်စားလှယ် လောင်း(၂၇)ဦး၏ အမည်စာရင်းကို အတည်ပြုကြေညာထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း အတည် ပြုကြေညာထားသူများမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ စသည့် နိုင်ငံရေးပါတီ(၇)ပါတီမှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ကြ သူများဖြစ်ကြောင်း ပခုက္ကူမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဥက္ကဋ္ဌ ဦးလှဝင်းမောင်က ပြောသည်။

ပခုက္ကူမြို့နယ်တွင် ရပ်ကွက်(၃၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၄)အုပ်စု၊ ကျေးရွာပေါင်း(၂၄၅)ရွာရှိပြီး မဲရုံပေါင်း( ၃၃၃) ရုံ၊ ချင်းတိုင်းရင်းသားမဲရုံ(၂၀)ရုံရှိပြီး မဲဆန္ဒရှင်စာရင်း (၂၄၁၂၈၈)ဦးရှိကြောင်းသိရသည်။

ဆလိုင်းကိုကီး(NRDC)