ဟင်္သာတ စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် မိမိဆန္ဒအလျှောက် တာဝန်ထမ်းဆောင်ရန် ဟင်္သာတမြို့နယ်မှ စေတနာ့ဝန်ထမ်း အမည်စာရင်းပေးသွင်းထားသူ (၅)ဦးရှိကြောင်း သိရသည်။
နိုင်ငံတော်ကနေ စေတနာ့ဝန်ထမ်းခေါ်ယူတဲ့ အချိန်မှာ ပါဝင်အားဖြည့်ကူညီချင်တဲ့အတွက်ကြောင့် စာရင်းပေးသွင်း အဆိုပြုခဲ့တာဖြစ်ပြီး လိုက်ပါကူညီခွင့်ရခဲ့ရင် စေတနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် တာဝန်များကို လေ့လာနေကြောင်း အမည်စာရင်း ပေးသွင်းထားသူ ဟင်္သာတမြို့နယ်ကြက်ခြေနီ စေတနာ့ လုပ်အားရှင် ကိုဟန်ညီညီလွင်က ပြောသည်။
အဆိုပါ စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်ရန် စာရင်းပေးထားသူများသည် မိမိ တို့မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူး သူများဖြစ်ပြီး အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့၏ အစီအစဉ်ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သည့် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်း တက် ရောက်ပြီးသည့်သူများနှင့် စေတနာ့ဝန်ထမ်း ဂုဏ်ပြုကတ်ပြား ရရှိပြီးသူများ ဖြစ်ကြောင်း သိရှိရသည်။
ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့ နယ်မှ ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် မိမိဆန္ဒအလျောက်တာဝန်ထမ်းဆောင်ရန် ယနေ့အချိန်ထိ ဟင်္သာတမြို့နယ် ကြက်ခြေနီက စေတနာ့လုပ်အားရှင် အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁)ဦး အမည်စာရင်းပေးပို့ထားကြောင်း ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံးက သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)