ကျုံပျော်မြို့ Community Centre ခန်းမတွင်  အသိပညာတိုးပွားရေး စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကျုံပျော် မေ  ၇

ပြည်သူများ စာဖတ်ရှိန်မြင့်မား‌ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ခန်းမ)တွင် Book Club အဖွဲ့ဝင်များ နှင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် တိုးတက်မှု ရရှိနိုင်ပုံတို့ကို ဆွေးနွေးအမှာစကား ပြောကြားသည်။ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်း ဆွေး‌နွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာ ဖေမြင့် ရေးသားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ပါ ဘဝတိုးတက် ရေး၊ စိတ်ချမ်းသာပျော်ရွှင်မှုနှင့် မြင့်မားသောဘဝရ‌အောင် ကြိုးစားကြသူများ စသည့်  အကြောင်းအရာများအား  တစ်ဦးခြင်း ထုတ်နှုတ်ဖတ်ကြားရာ ၊ Book Club အဖွဲ့ဝင် ဆရာကြီး ဦးတင်ဝင်း၊ ဆရာကြီးဦးခင်မောင်အေးနှင့် တက်ရောက်လာသူများက ဖတ်ကြားသည့် အကြောင်းအရာများအလိုက်  အသီးသီး ဆွေးနွေး၍ ဗဟုသုတ၊ အမြင်ခြင်း ဖလှယ်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဗဟုသုတတိုးပွား ရရှိ‌စေရန် စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ်စာစောင်များ ဌားရမ်း‌ဝန်‌ ဆောင်မှုပေးခြင်း၊ ကလေး စာဖတ်ခန်းဖွင့်လှစ်၍ ကလေးဘဝမှစ၍စာ‌ပေဖတ်ရှုမှု အလေ့အကျင့်‌ကောင်းရရှိရန် ပျိုးထောင် ပေးခြင်းနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ကာ စာပေဗဟုသုတ တိုးပွားရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး (ပြန်/ဆက်)