စေတုတ္တရာမြို့နယ် ကျန်စိမ့်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ  မျိုးစေ့ထုတ် စိုက်ခင်း (၁၀) ဧကစိုက်ပျိုး

စေတုတ္တရာ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မနောသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း(၁၀)ဧက စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျန်စိမ့်ကျေးရွာရှိ တောင်သူ(၅)ဦး၏ လယ်မြေတွင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ထိုသို့မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်း များက ကွင်းဆင်းကြီးကြပ်ကာ မျိုးသန့်မျိုးပွားမျိုးစေ့(RS)အဆင့် မနောသုခ စပါးမျိုး (၁၀)ဧက စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီပွားရေး ကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းအနေဖြင့် ဧက(၁၀၀) စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ပြီး စိုက်ပျိုးထုပ်လုပ်မှုစရိတ် စုစုပေါင်း ငွေကျပ်(၁၄၉)သိန်း လေးသောင်းကိုလည်းထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးမှုနည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံတောင်သူများအား စိုက်ပျိုးမှု နည်းပညာသစ် များဖြင့် စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးနည်းပညာသစ်များ၊ မျိုးစေ့ထုတ်စိုက်ပျိုးရေးနည်းစနစ်များ အသိပညာ ပေးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများတွင် လက်တွေ့ကွင်းဆင်းပြသပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)