ငဖဲမြို့နယ်၌ မျိုးစေ့ထုတ်မိုးစပါး ၁၃၅ ဧက စိုက်ပျိုးပြီးစီး

ငဖဲ  စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် ထောက်ပံ့မှုအရဆောင်ရွက်သော မနောသုခမျိုးစေ့ထုတ်မိုးစပါး R.S မျိုး ၄၀ ဧကနှင့် ဧရာမင်းမျိုးစေ့ ထုတ် မိုးစပါး R.S မျိုး ၉၅ ဧကကို စိုက်ပျိုးရန်လျာထားရာ စက်တင်ဘာလ၂ ရက်နေ့ထိ ၁၃၅ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးစေ့ထုတ်စိုက်ပျိုးရာတွင် ပွင့်ဖြူမျိုးသန့်ခြံနှင့်ရွှေရောင်လွင်ပြင်မှ ထုတ်လုပ်သည့် မျိုးသန့် မျိုးပွား မျိုးစေ့ကို စိုက်ပျိုးရပြီးခြောက်တန်း တစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ပေါင်းနုတ်ခြင်း၊ မျိုးကွဲပယ်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ သန့်စင်ခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ပင်ဦးကျေးရွာမှ မျိုးစေ့ထုတ် မိုးစပါးစိုက်တောင်သူ ဦးအောင်ဝင်း ကပြောကြားသည်။

ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် မျိုးစေ့ထုတ်ရန်အတွက် ချောင်းဖြူ၊ ထန်းကိုင်း၊ ပင်ဦး၊ ပေကုန်း၊ မြို့မ၊ ပေါင်းကလေး၊ အောင်ပင်လယ်၊ ဇီးတော၊ ရှောက်၀၊ အိုးမြေတွင်းနှင့် ဆင်ချည်တိုင်ကျေးရွာ  ၁၁ ရွာမှ တောင်သူ(၉၅)ဦးက စိုက်ဧက ၁၃၅ ဧက မှာမျိုးစေ့ထုတ်မိုးစပါးများ စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

မယု(ငဖဲ)