ပုသိမ် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် JICA ၏ ODA Loan ဖြင့် ဆောင်ရွက်နေသော ပုသိမ်မြို့ ရေ ပေးဝေရေးလုပ်ငန်းအတွက် ရေဖြန့်ဝေရေးပိုက်လိုင်းများသွယ်တန်းရာတွင် ထိခိုက်ပျက်ဆီးသွား သောလမ်းများကို တိုင်းဒေသကြီးပိုလျှံရန်ပုံငွေ အသုံးပြုပြီး ပြန်လည်ပြုပြင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၁၈ လက်မ DI ပိုက်များ ကွန်ကရစ်ဖုံးခြင်း လုပ်ငန်းအတွက် ၄၄ ဒသမ ၁ သန်းနှင့် ရေဖြန့်ဝေရေးလုပ်ငန်းတွင် အသုံးပြုသော PPC ပိုက်လိုင်း ကွန်ကရစ်ဖုံးခြင်း လုပ်ငန်းအတွက် ရန်ပုံငွေ ၁၉၇ ဒသမ ၇ သန်း အသုံးပြု ဆောင်ရွက်နေကြောင်း သိရှိရသည်။
ရေပေးဝေရေး လုပ်ငန်းကြောင့် ထိခိုက်ပျက်စီးသွားသောလမ်းများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ကျော်လွန်သုံးစွဲခွင့် တောင်းခံကာ ၂၀၂၀ ပြည့်နှစ် မကုန်မီ အပြီးသတ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြောသည်။
ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းကို မြို့ပေါ်ရပ်ကွက် ၁၃ ရပ်ကွက်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်ရက်လျှင် ရေဂါလန် ၄၅ သိန်း ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြင့်ဟန် (ပုသိမ်)