ကျွန်းစု စက်တင်ဘာ ၃
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြု နိုင်ရေးအတွက် ညမထွက်ရအမိန့်(Curfew)အား မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ ညအချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကရုဏာ နာရေးကူညီမှု အသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ည(၁၂:၀၀)မှ နံနက်(၀၄:၀၀)နာရီ အချိန်ထိ သတ်မှတ်နယ်နမိတ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေး ခြင်း မပြုကြရန် ညမထွက်ရအမိန့်(Curfew)အား ပြည်သူများသိရှိလိုက်နာ နိုင်စေရန် မြို့ပေါ် ရပ်ကွက်များ၌ မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ၊ စိုးရိမ်ဖွယ်ရာ ကျန်းမာရေး ကိစ္စဖြင့် သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုး အတွက် ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း သိရသည်။
မင်းကျော်စော (ပြန်/ဆက်)