တောင်တွင်းကြီး စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သရက်ခုံကျေးရွာမှ ကုက္ကိုကုန်း တိုက်နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရခိုင်ပြည်နယ်မှပြန်လာသူ အမျိုးသားနှင့် ၎င်း၏ ဇနီးဖြစ် သူတို့၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ (၁)ရက်နေ့က ရယူစစ်ဆေးခဲ့ကြောင်း တောင်တွင်းကြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်မှ အမျိုးသားတစ်ဦးထဲသာ ပြန်လာတာဖြစ်ပြီး ဩဂုတ်လ (၁၈)ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မှပြည်မြို့၊ ပြည်မြိုမှတဆင့် တောင်တွင်းကြီးမြို့သို့ ဩဂုတ်လ(၁၉) ရက်နေ့ကရောက်ရှိခဲ့ပြီး မိမိနေထိုင်ရာ တောင်တွင်းကြီးမြို့ သရက်ခုံကျေးရွာသို့ ပြန်လာ ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အမျိုးသား၏ ဇနီးမှာ ဖျားနာလာသဖြင့် ဩဂုတ်လ(၃၁)ရက်နေ့က ကုက္ကိုကုန်း တိုက်နယ်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုနှင့် (Hospital Quarantine) ထားရှိပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများကိုရယူ၍ မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနသို့ ပေးပို့ထားပြီး မကွေးတိုင်းကျန်းမာရေးဦးစီးဌာနမှ တဆင့် အမျိုးသား ဓာတ်ခွဲဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။
၀င်းခိုင်(ပြန်/ဆက်)