မုံရွာ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များ အား ကြိုဆိုပွဲအခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီအချိန်က တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံရွာတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာဆရာမ အသစ်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် ပါမေက္ခချုပ် ဒေါက်တာသူရဦးက အမှာစကားပြောကြားရာတွင် အခမ်းအနားသို့ တက်ရောက်လာသော မုံရွာတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာအသစ် ၃ ဦးနှင့် ဆရာမအသစ် ၁၆ ဦးတို့အား မိမိတို့တက္ကသိုလ်မှ နွေးထွေးစွာကြိုဆိုပါကြောင်း၊ မိမိတို့ တက္ကသိုလ်ကြီးတွင် မြန်မာစာ၊ ပထဝီ၊ သမိုင်း၊ ဒဿနိက၊ ဥပဒေပညာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘူမိဗေဒ စသည့် ဘာသာရပ်အသီးသီးကို သင်ကြားပို့ချပေးရမှာဖြစ်ကြောင်း၊ မိမိတို့ တက္ကသိုလ်ကြီးကို အကျိုးပြုတဲ့ ဆရာ၊ ဆရာမကောင်း များဖြစ်အောင် အထူးကြိုးစား နေထိုင်ကြဖို့လိုကြောင်း၊ တက္ကသိုလ်မှာရှိတဲ့ ဌာနအသီးသီးကိုလည်း လေ့လာသင်ယူကြဖို့ လိုကြောင်းနှင့် ဆရာ၊ ဆရာမများ၏ ကျင့်ဝတ်များနှင့်အညီ နေထိုင်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော မုံရွာတက္ကသိုလ် ပါမေက္ခချုပ် ဒေါက်တာ သူရဦးနှင့် ဒုတိယ ပါမေက္ခချုပ်များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများအား မုံရွာတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာအသစ် ၃ ဦးနှင့် ဆရာမ အသစ် ၁၆ ဦးတို့က အသီးသီးမိတ်ဆက် စကားများပြောကြားပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အလားတူ မုံရွာစီးပွားရေးတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာဆရာမ အသစ်များအား ကြိုဆိုပွဲ အခမ်းအနားကိုလည်း ယနေ့နံနက်က အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ် အဆောင်(၈) ခန်းမ၌ တပြိုင်တည်းကျင်းပခဲ့ရာ မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက အမှာစကားပြောကြားရာတွင် အခမ်းအနားသို့ တက်ရောက်လာသော မုံရွာစီးပွားရေး တက္ကသိုလ် နည်းပြ၊သရုပ်ပြ ဆရာမအသစ် ၁၅ ဦးတို့အား မိမိတို့တက္ကသိုလ်မှ နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ ယနေ့ခန့်အပ်တဲ့ ဆရာမအသစ် (၁၅)ဦးဟာ မိမိတို့တက္ကသိုလ်ကြီး၏ Supporting Department (၄) ခုတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီနှင့် သင်္ချာ စသည့် ဘာသာရပ်အသီးသီးကို သင်ကြားပို့ချပေးရမှာဖြစ်ကြောင်း၊ ဆရာကျင့်ဝတ်၊ ဝန်ထမ်းကျင့်ဝတ်များကို မကြာခင်မှာ အဆင့်မြင့်ပညာဦးစီးဌာန (နေပြည်တော်) နှင့် မိမိတို့ တက္ကသိုလ်တို့၏ အစီအစဉ်များဖြင့် ပို့ချသင်ကြားပေးမှာဖြစ်ကြောင်း၊ စေတနာ၊ ဝါသနာ၊ အနစ်နာ စတဲ့ နာ(၃)နာ တို့ကို လက်ကိုင်ထားပြီး သင်ကြားပေးကြရန်နှင့် စိတ်ရှည်သည်းခံသင်ကြားပေးကြဖို့လိုကြောင်း၊ မိမတို့ကိုယ်တိုင် တိုးတက်ဖို့ရန် အတွက် လေ့လာသင်ယူခြင်း၊ သုတေသနလုပ်ငန်းများကို မျက်ချေမပျက် ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မုံရွာစီးပွားရေးတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာဆရာမ အသစ်များအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူနှင့် တာဝန်ရှိသူများက နည်းပြ၊သရုပ်ပြ ဆရာမအသစ် ၁၅ ဦးနှင့်အတူ အပြန်အလှန် မိတ်ဆက်စကားများပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)