မြိတ်တက္ကသိုလ်တွင် နည်းပြ သရုပ်ပြ ဆရာ/ဆရာမ အသစ်များအား ကြိုဆိုပွဲ ကျင်းပ

မြိတ်  မေ  ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ သရုပ်ပြ ဆရာ/ဆရာမအသစ်များအား ကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီက ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပခဲ့သည်။

တာဝန်ထမ်းဆောင်ကြမည့် နည်းပြသရုပ်ပြ ဆရာ/ဆရာမအသစ်(၄၈)ဦးသည် တက္ကသိုလ်ရှိ ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်(၁၀)ခု၌ တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း၊ ကြိုဆိုပွဲတွင် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက နည်းပြသရုပ်ပြ ဆရာ/ဆရာမအသစ်များအား ကြိုဆိုအမှာ စကားပြောကြားပြီး မြိတ်တက္ကသိုလ်၏ သမိုင်းကြောင်းနှင့် တက္ကသိုလ်ဆိုင်ရာအချက်အလက်များအား ပြောကြားသည်။ ထိုနောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာနှင့် ဒေါက်တာမြင့်ရီတို့က ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားကြသည်။

မြိတ်တက္ကသိုလ်တွင် မေလ(၁၂)ရက်နေ့မှစတင်၍ နေ့သင်တန်း သင်တန်းနှစ်အသီးသီးကို ဖွင့်လှစ်သွားမည်ဖြစ်ကာ တက္ကသိုလ် တက်ရောက်ရန် ဘာသာရပ်အလိုက် နှစ်အလိုက် ကျောင်းသား/သူ(၄၅၀၀)ကျော်ရှိကြောင်း၊ တက္ကသိုလ်၌ ပညာသင်ကြားမည့် ကျောင်းသား/ သူများကို ပညာရည်ပြည့်ဝပြီး အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ကာယဉာဏဖွံ့ဖြိုး တိုးတက် ရန် ပညာသင်ကြားပေးနိုင်ရေးအတွက် စီမံခန့်ခွဲရေးနှင့်သင်ကြားရေး ဆရာ/ဆရာမများဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကျောင်းသား/သူများအား အရည်အချင်းပြည့်မီအောင် သင်ကြားပေးမည့် (၂၀၂၁)ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ကြသည့် နည်းပြ/သရုပ်ပြ၊ ဆရာ ဆရာမများအား သင်ကြားပို့ချမှု များ အရည်အသွေးမြှင့် တင်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာသင်တန်းနှင့် မွမ်းမံသင်တန်းများကို ဘာသာရပ် သင်ကြားရေးဌာနအသီးသီးရှိ နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ဆရာမများအား သက်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် ဝါရင့်ကထိက ဆရာ၊ ဆရာမများက  သင်ကြားပို့ချပေးထားပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(မြိတ်)