ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား အပိုထပ်ဆောင်း (Booster Does) ဒုတိယနေ့ ဆက်လက်ထိုးနှံပေး

ဇီးကုန်း မေ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော သာသနာ့နွယ်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်း (Booster Does) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ် (၄) ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ဒုတိယနေ့ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့နယ်ခန်းမအတွင်း၌ ဆေးထိုးနေရာ လေးခုခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး AstraZeneca ကို မြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စ (၂၉) အုပ်စုမှ ယမန်နေ့က ထိုးရန်ကျန်ရှိနေသူများကို ကျန်းမာရေးဝန်ထမ်းများက ယနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ယမန်နေ့က ပြည်သူ (၁၅၂၀) ဦးအား ထိုးနှံပေးခဲ့ပြီး၊ ယနေ့တွင်လည်း ပြည်သူ (၁၃၅၀) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံ ပေးခဲ့သည်။ ကျန်ရှိနေသောပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)