နတ်မောက် မေ ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ တက်၀န်ကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ စာသင်ကျာင်း၌ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု စက်ရေတွင်းပြင်ဆင် ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရမှ သင်တန်း ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ စက်ရေတွင်းပြုပြင် ထိန်းသိမ်းခြင်း ရေရှည် တည်တံ့ ခိုင်မြဲရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရှိလာပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြော ကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးဇော်မြင့်က သင်တန်းသားများနှင့်မိတ်ဆက်ပြီး သင်တန်းတွင်ပို့ချပေးမည့် သင်ခန်း စာများ၊ သင်တန်းတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်း များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းသားများ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၅ ရက် ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းမြတ် (ပြန်/ဆက်)