မြိတ်မြို့တွင် ရတနာတိုး နွေစပါးစိုက်ဧက စံကွက် ရိတ်သိမ်းချွေလေ့

မြိတ်   မေ   ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုး စပါးများ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ နွေစပါးအထွက်နှုန်း စနစ်တကျမှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စန္ဒဝတ်ကျေးရွာ အုပ်စု ကျွဲကူးကျေးရွာရှိ တောင်သူ ဦးချမ်းအေး၏ စပါးသက်တမ်း (၁၁၅)/(၁၂၀)ရက်ရှိ ရတနာတိုး နွေစပါးစိုက်ခင်းတွင်  ယမန်နေ့ ရိတ်သိမ်းချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြသည်။

“နွေစပါးစံကွက်အနေနဲ့ (၀.၁၀) ဧကရှိတဲ့ စံကွက်အကြီး(၂)ကွက်၊ (၆.၆)ပေပတ်လည် စံကွက် အငယ် က(၁၂)ကွက်ရှိပါတယ်။ မြိတ်မြို့နယ်မှာ ဆည်ရေသောက် လယ်ဧကမရှိပါဘူး။ နိုင်ငံ တော်မှ အသေးစား၊ အလတ်စား ဆည်များ တည်ဆောက်ပေးပါက စပါးစိုက်ဧကများ တိုးတက် လာပြီး စပါးအထွက်နှုန်းများလည်း တိုးလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာ သဘာဝရေကိုပဲ အားကိုးအားထားပြီး စိုက်ပျိုးရတာပါ။ နွေစပါးအထွက်နှုန်းက ပုံမှန်ထက်တော့များပါတယ်။ ဆည်တွေ ရှိလာမယ်ဆိုရင် ဒီထက်မက စပါးအထွက်နှုန်းတိုးလာမှာပါ” ဟု စိုက်ပျိုးရေးဦးစီး ဌာန မြိတ်မြို့နယ် ဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောသည်။

နွေစပါးစံကွက်တွင် ရိတ်သိမ်းချွေလေှ့စက်ဖြင့် ရိတ်သိမ်းရာ၌ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ရိတ်သိမ်းချွေလေ့ရာ၌ စပါးအစို  စံကွက်အထွက်နှုန်း တစ်ဧက(၈၉)တင်းခန့် ထွက်ရှိ၍ စပါး အခြောက်  စံကွက်အထွက်နှုန်း တစ်ဧက(၈၂) တင်းခန့် ထွက်ရှိကြောင်း၊ မြိတ်မြို့နယ်တွင် ယခုနှစ် နွေစပါးရာသီ၌ စပါးစိုက်ပျိုးသည့်ဧက စုစုပေါင်း (၁၁၂)ဧက ရှိ၍ တစ်ဧကအထွက် နှုန်း(၇၃)တင်းထွက်ရှိရန် စိုက်ပျိုးရေးဦးစီးဌာနမှ မျှော်လင့်ထားကြောင်း သိရသည်။

မြိတ်မြို့နယ်တွင် စပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မိုးစပါးရာသီ၌ စပါးစိုက်ပျိုးသည့်ဧက (၄၂၄၇၆)ဧကရှိ၍ ပျှမ်းမျှတစ်ဧကအထွက်နှုန်းမှာ (၇၁.၆၆)တင်းထွက်ရှိပြီး ဒေသဝမ်းစာဖူလုံမှု အနေဖြင့် (၇၆.၃၃)ရာခိုင်နှုန်းရှိ ကြောင်း၊ မြိတ်မြို့နယ်အတွင်း စပါးစိုက်ပျိုးရာ၌  ရေရရှိရေး နည်းလမ်းများဖြစ်သည့် ဆည်မြောင်း တာတမံများ၊ မြစ်ရေတင်ခြင်းလုပ်ငန်းများ၊ မြေအောက် ရေတူးဖော်ခြင်းလုပ်ငန်းများ စသည့်လုပ်ငန်းများ မရှိသည့်အတွက် သဘာဝမိုးရေတစ်ခုတည်း ကိုသာ အားကိုးပြီး စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ အသေးစား၊ အလတ်စား ဆည်များ တည်ဆောက်ပေးပါက စပါးစိုက်ဧကများ တိုးတက်လာပြီး စပါးအထွက်နှုန်းများ လည်း တိုးလာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခိုင်ထူး(မြိတ်)