အုတ်တွင်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပုံတူပန်းချီ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် ကလေးလူငယ်များ ကာယ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြဆရာ ဦးသက်နှင်းမောင်မောင်က အခြေခံပုံတူပန်းချီရေး ဆွဲရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပန်းချီသင်တန်း ပြီးမြောက်သည့်တိုင်အောင် ပန်းချီပညာကိုကိုယ်တိုင် စိတ်ကူးပုံဖော်ရေး ဆွဲနိုင် ရေး အကြောင်းအရာများ၊ ထူးချွန်ထက်မြက်တဲ့ ပန်းချီဆရာများ ပေါ်ထွန်းလာရေးအတွက် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ သင်တန်းသို့အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၄၁) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ဧပြီ ၂၅ ရက်မှ မေ ၅ ရက်နေ့ထိ အခမဲ့သင်ကြား ပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းနည်းပြဆရာအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)