ကျိုက်ဒုံ စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် ယနေ့နံနက်၉နာရီက ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ခင်မာထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက၊ ကလေးငယ်များနှင့် မိခင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေး မဖြစ်စေရန်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အပူချိန်တိုင်းတာပေးခြင်း၊ ပေါင်ချိန်ပေးခြင်း၊ အလှည့်ကျ ဆေးထိုး၊ ဆေးတိုက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်ထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော့ရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သတ်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များကို (ဘက်စုံသားဖွားဆရာမ) ဒေါ်မိနှင်းနန္ဒာစိုးမှ ကျန်းမာရေး အသိပညာများ ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)