ဝေါ စက်တင်ဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၅)ဦး တွေ့ရှိပြီးနောက် ပြည်သူများ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ် အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ဈေးနှင့် ဘတ်စ်ကားမှတ်တိုင် များတွင် Mask တပ်ဆင်သွားလာစေရန် အသိပညာ ပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များက နှာခေါင်းစည်းမတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူ များအား နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ အပြင်ထွက် သည့်အခါ စျေးရောင်း၊ စျေးဝယ်ပြုလုပ် သည့်အခါတိုင်း နှာခေါင်းစည်း တပ်ဆင်ကြရန်၊ လူစုလူဝေးနေရာ များကို မလိုအပ်ဘဲ သွားလာခြင်းမပြုရန် စသည်တို့ကိုလည်း Hand Speaker များနှင့် ပြည်သူများ သိရှိနိုင် စေရန်အတွက် ကြေညာ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ်ရှိ ကျေးရွာသုံးခုတွင် ကိုဗစ်-၁၉ positive လူနာများနှင့် အဝင်အထွက်ရှိသည့် ညောင်ခါးရှည် ရဲစခန်းနှင့် ညောင်ခါးရှည် ဈေးတို့ကို ဆေးဖျန်းထားပြီး ပို့တွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအားလည်း ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)