လှိုင်းဘွဲ မေ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စု၊ ဖာပွန်ကျေးရွာအား ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးလုပ်ငန်းစဉ်များအား မြိုနယ်သမဝါယမ ဦးစီးဌာနမှ ကျေးရွာသားများအား တွေ့ဆုံ၍ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်းလုပ်ငန်းများအကြောင်းကို ယနေ့နံနက်(၈)နာရီက ဖာပွန်ကျေးရွာ ရွှေကျင်နိကာယမ ဂန္ဓာရုံကျောင်း၊ ဓမ္မာရုံ၌ ဆွေးနွေးရှင်းပြပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။
လှိုင်းဘွဲမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ၊ ဦးအောင်ကျော်တူးနှင့်မြို့နယ် သမဝါယမအသင်းစု လီမိတက်ဥက္ကဋ္ဌ၊ ဦးလင်းခိုင်တို့မှ အခမ်းအနားသို့ တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသား (၆၅) ဦးတို့အား သမဝါယမအသင်းတစ်သင်းကို မိမိတို့ဆန္ဒအလျောက် စိတ်တူ ဝါသနာတူများနှင့် မည်သို့ဖွဲ့စည်းရမည်ကို ရှင်းပြဆွေးနွေးခဲ့ရာ ၎င်းတို့၏ ဆန္ဒအလျောက် အသင်းသား (၂၄) ဦး ပါဝင်သည့် ဖာပွန်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်အား ဖွဲ့စည်းပေးနိုင်ခဲ့သည်။
အသင်းဖွဲ့စည်းပြီးနောက် မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်တူးမှ သမဝါယမအသင်းနှင့် အသင်း သား၊ သွင်းအားစု ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္မဏီ/အဖွဲ့အစည်း သုံးဦးသုံးဖလှယ် အကျိုးဖြစ်ထွန်းနိုင်မည့် Triple Type ပုံစံဖြင့် သမဝါယမကန်ထရိုက် လယ်ယာစနစ် (Co-operative Farming) အကြောင်း ရှင်းပြခဲ့ပြီး မြိုနယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ဦးလင်းခိုင်မှ နိုင်ငံတော်မှ တန်ဘိုး တစ်ဝက်ကျခံမည့် Daedong လယ်ထွန်စက်များ ရောင်းချပေးမည့် အစီအစဉ်နှင့် သမဝါယမ ကျောင်းများတွင် ဖွင့်လှစ်မည့် စာရင်းရေးစာရင်းကိုင် (၂) နှစ် သင်တန်းသို့ တက်ရောက်နိုင်မည့် သင်တန်းသား အရည်ချင်းများကို ရှင်းလင်းတင်ပြပြီး သမဝါယမအသင်းသားများနှင့် ရင်းနှီးစွာ အမြင်ခြင်း ဖလှယ်ဆွေးနွေးကြကာ သမဝါယမ လက်ကမ်းစာစောင်များ၊ သမဝါယမ ဂျာနယ်စာစောင်များ ပေးဝေခဲ့ပြီး စီးပွားဖြစ် စိုက်ပျိုး၊ မွေးမြူထုတ်လုပ်မှု ဆိုင်ရာနှင့် SME ဆိုင်ရာ အမြင်ဖွင့်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပို့ချပေးမည့် အစီအစဉ်များ၊ ပြန်လည်လေ့လာရေး (Exchange Visit) အစီအဉ်များ ဆောင်ရွက်ကြရမည့် အကြောင်းအရာများကို ဆွေးနွေးရှင်းပြခဲ့ကြသည်။
ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံချက်အနေဖြင့် နိုင်ငံတော်အစိုးရမှ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာများ ထူထောင်နိုင်ရန်အတွက် ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးနှင့် အစုအဖွဲ့၊ သမဝါယမစနစ်ဖြင့် ကျေးလက်စီးပွားရေး မြင့်မားစေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခေတ်မီစံပြကျေးရွာအဖြင့် ဆောင်ရွက်ပေးမည့် စီမံကိန်း ကာလမှာ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်း ကာလ (၂) နှစ် သတ်မှတ်ပေးထားပြီး သက်ဆိုင်သည့် ဌာနဆိုင်ရာများက ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
လင်းသန့် (ပြန်/ဆက်)