ကျုံပျော် ဩဂုတ် ၃
တောင်သူများဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်း နည်းစနစ်ကျနပြီး ပိုမိုကောင်းမွန်စေရေး အတွက် မျိုးစေ့ထုတ်တောင်သူများအား မြေ၊ မျိုး၊ ပိုး အသိပညာပေးဆွေးနွေးဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ထံမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြေယာများပြုပြင်ဆောင်ရွက်ခြင်း၊ မြေဩဇာစနစ်တကျ ထည့်သွင်း အသုံးပြုခြင်း၊ မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်းနှင့် စီးပွားဖြစ်မျိုးစေ့ ထုတ်လုပ်ခြင်း၊ ပိုးမွှားရောဂါ ကာ ကွယ်နှိမ်နင်းခြင်း၊ ပိုးကျရောက်မှုနှင့် ရောဂါဖြစ်ပွားမှု ခွဲခြားခြင်း စသည်တို့ကို ပုသိမ်ခရိုင် မြေ၊ မျိုး၊ ပိုး တာဝန်ခံ ဦးစီးအရာရှိ(၃)ဦး တို့က ကဏ္ဍအလိုက်ဆွေးနွေးပို့ချခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို နံနက်(၈)နာရီမှ (၁၂)အထိ တစ်ကြိမ်၊ မွန်းလွဲ(၁)နာရီမှ (၄)နာရီအထိ တစ်ကြိမ်၊ နှစ် ကြိမ်ခွဲ၍ ဆောင်ရွက်ခဲ့ပြီး နံနက်ပိုင်းတွင် မြို့မ၊ ကွင်းကြီးနှင့် ကျွဲခြံဒေါင့် ကျေးရွာတို့မှ မျိုးစေ့ထုတ် တောင်သူ(၂၀)ဦးနှင့် ညနေပိုင်းတွင် သရက်သုံးပင်၊ ကျုံတနီး၊ ဒိုက်ပျက် ကျေးရွာတို့မှ မျိုးစေ့ထုတ် တောင်သူ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း၊ တက်ရောက်သည့် တောင်သူများကလည်း သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကျုံပျော်မြို့နယ် အတွင်း၌ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် တောင်သူ(၆၅)ဦးတို့က မျိုးစေ့ထုတ်ဧက (၂၂၀)အား စိုက်ပျိုးထားရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)