ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး မေ ၅

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ဧပြီလအတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် လျာထားသည့်ဦးရေထက် ပိုမိုထိုးနှံပေးနိုင်ခဲ့ကြောင်း၊ မေလအတွင်း ကိုဗစ်−၁၉ ကာကွယ် ဆေးထိုးနှံရန် ဆက်လက်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အလိုက် ကျေးရွာနေ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပိုမိုထိုးနှံပေးနိုင်ရေးအတွက် ဘာသာရေး ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များအား ထောက်ပံ့နိုင်ရေး တင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှု ကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင်လျန်ဟုပ်လိန်းက ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် သိက္ခာတော်ရ ဆရာတော် နီကျုံးထန်းက ဟားခါးမြို့နယ်အတွင်း  ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေနှင့် ဆက်လက်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည့် အစီအမံ များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ မြို့နယ်အလိုက် အသက် ၁၈ နှစ်အထက် ရည်မှန်းအုပ်စုများအား ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်နှင့် ထပ်မံ လိုအပ်သော ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးနှင့် ဆေးပစ္စည်းစာရင်းအခြေအနေ၊ ကလေးမြို့၊ မုံရွာမြို့နှင့် ပခုက္ကူမြို့များသို့ ရောက်ရှိပြီးဖြစ်သည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးပစ္စည်း များအား သက်ဆိုင်ရာမြို့နယ်များသို့ ပေးပို့နိုင်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ ကိုဗစ်−၁၉ အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြက် ဆောင်ရွက်မှုအခြေအနေ၊ မေလအတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လျာထားဆောင်ရွက်မှုအခြေအနေများနှင့် ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က ပထမအကြိမ် ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံပေးသူများအား ယာယီ လက်မှတ်များ ထုတ်ပေးရေး၊ ဘာသာရေးဆိုင်ရာ လူမှုအရေးအဖွဲ့အစည်းများမှ ကာကွယ်ဆေး ထိုးနှံမှုများအား VMIS စနစ်ဖြင့် စာရင်းရေးသွင်းနိုင်ရေးတွက် အချက်အလက်များအား သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ပေးပို့ရေး ၊ မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံနိုင်ရေးတို့ကို အကြံပြု ဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကာကွယ်ဆေးထိုးနှံမှုစာရင်းများ တင်ပြရာတွင် မြေပြင်အမှန် တကယ် ထိုးနှံမှုနှင့် ဆေးလက်ကျန်စာရင်းများပါ ကိုက်ညီရန်လိုအပ်မှုနှင့် လက်ရှိအချိန်တွင် ကိုဗစ်−၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိမှုနည်းပါးသော်လည်း ပြည်သူတစ်ရပ်လုံး ပေါ့ပေါ့ဆဆ မနေဘဲ သတိရှိရှိ နေထိုင်ရန်လိုအပ်မှုတို့ကို သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ရန် လိုအပ်မှုများအား အကြံပြု ဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)