မင်းလှ မေ ၅
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသော ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခြင်းကို အ ထ.က မင်းလှ (မြို့တွင်း)ကျောင်း သပြေခန်းမ၌ ယနေ့ နံနက် ၈ နာရီချိန်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ပညာရေးမှူးဒေါ်သန်းဌေးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုရခြင်း ရည်ရွယ်ချက်ကို ရှင်လင်း၍ ဆွေးနွေးပွဲတွင် ဆရာကြီးဆရာမကြီးများ စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ပညာရေးမှူးနှင့် ထက်၊ အုပ် ဆရာမကြီး (၄) ဦးတို့က စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းကြီးကြပ်အကဲဖြတ်နှင့် စာရင်းအင်း ဘာသာရပ် (၅) မျိုးတို့ကို နံနက် ၉ နာရီမှညနေ ၄ နာရီချိန်ထိ (၂) ရက်ကြာ ဦးဆောင်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းမှ (ထက်၊လယ်၊မူ) ကျောင်အုပ်ဆရာကြီး၊ ဆရာမကြီး (၁၅၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)