အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ ကညင်တပင်ကျေးရွာတွင် ငဝန်မြစ်ကမ်းပါးနှင့် နီးသော လူနေအိမ် (၁၄) လုံး မြစ်ကမ်းနှင့် လွတ်ရာသို့ ကြိုတင်‌ပြောင်းရွေ့

အင်္ဂပူ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ ကညင်တပင်‌ကျေးရွာတွင် မေလ၃ရက်နေ့ ညနေပိုင်းက ငဝန်မြစ်ကမ်းပါးနှင့်နီးသောလူနေအိမ်(၁၄)လုံးအား မြစ်ကမ်းနှင့် လွတ်ရာသို့ ကြိုတင်ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

ငဝန်မြစ်ရေ တိုက်စားမှုကြောင့် အင်္ဂပူ-ညောင်ကျိုး ကားလမ်း မိုင်တိုင် ၇/၆ နှင့် ၇/၇ အကြားတွင် ယမန်နှစ်က ကမ်းပြိုကမ်းစား ဖြစ်ပေါ်ခဲ့သည့်အတွက် ကားလမ်းအား ယာယီလမ်းလွှဲပြုလုပ် သွားလာလျက်ရှိရာ ယခုနှစ်မိုးရာသီတွင် မြစ်ကမ်းထပ်မံပြိုကျမည်ကို စိုးရိမ်သဖြင့် ကမ်းပါးနှင့် နီးကပ်သော နေအိမ်(၁၄)လုံးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် လမ်းလွှဲပြုလုပ်ထားသည့် အင်္ဂပူ-ညောင်ကျိုး လမ်းဘေးဝဲယာရှိ ၎င်းတို့ပိုင် ခြံမြေများသို့ ပြောင်း‌‌ရွေ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနေအိမ်များ ပြောင်းရွေ့ရာတွင် စနစ်ကျမှုရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ညောင်ကျိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာပြည်သူများမှ စုပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)