ပေါက်ခေါင်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေ သစ်များ ပြန်လည်ထုတ်ချေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက တောင်သူများ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ပဲခူးတိုင်းဒေသကြီး မန်နေဂျာဦးကျော်သူရမှ ချေးငွေသစ်များ ပြန်လည် ထုတ်ချေး ပေးနိုင်အတွက် ယခင်နှစ်က ချေးယူထားသော အချိန်လွန်ချေးငွေများ ပြန်လည်ပေးဆပ်ကြပါရန် ပြောကြားပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ကျေးရွာအုပ်စုချေးငွေ စိစစ်ရေးအဖွဲ့ဝင်များနှင့် တောင်သူများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ချေးငွေနှင့် ပက်သက်၍ ပေါင်းစပ်ပါဝင်ပေးပါရန် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသော ကျေးရွာအုပ်စုချေးငွေ စိစစ်ရေးအဖွဲ့ဝင်များနှင့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်