ကြို့ပင်ကောက် မေ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ် ဆရာကြီးများနှင့် ဆရာမကြီး များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို အထက(ပန်းတင်) ကျောင်းတွင် ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။
အခြခံပညာကျောင်း ၁၇၁ ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီး ၁၇၁ ဦးတို့အား စီမံခန့်ခွဲမှု အုပ်ချုပ်မှုပိုင်းဆိုင်ရာများ၊ ဘဏ္ဍာရေး လုပ်ငန်းဆိုင်ရာများနှင့် သင်ကြားမှုစွမ်းရည်မြှင့်တင်ရေး ဆိုင်ရာများကို ပြန်လည်ဆွေးနွေးသင်ကြားပေးခြင်း ဖြစ်ကြောင်း ထိုကဲ့သို့ သင်ကြားပေးနိုင်ရန်အတွက် ပဲခူးတိုင်း ပြည်မြို့သို့ မြို့နယ်အတွင်းမှ (အထက)ကျောင်းအုပ်ကြီး ၅ ဦးမှ သွားရောက် သင်တန်းတက်ရောက်ပြီး ပြန်လည်ဆင့်ပွားပို့ချပေးရခြင်းဖြစ်ကြောင်း ယခုဆင့်ပွားသင်ကြားပေးသော ဘာသာရပ် များဖြင့် ကျောင်းသားကျောင်းသူများအား အသိပညာအတတ်ပညာများ အမှန်တကယ်ရရှိအောင် သင်ကြားလေ့ကျင့်ပေးနိုင်ရေးနှင့် ပညာရေးမြှင့်တင်မှုအစီအစဉ်ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးမှပြောသည်။
အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို မေလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်အထိ အခြေခံပညာကျောင်း ၁၇၁ ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)