ကော့သောင်းမြို့တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ကော့သောင်း မေ

(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၊ ခန်းမ၌ ပြုလုပ်ကျင်းပရာ အခမ်းအနားသို့ ကော့သောင်းခရိုင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေး အရံမီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းဦးနှင့် တာဝန်ရှိသူများက ရာထူးတိုးမြှင့်ခံရသည့် တပ်ဖွဲ့ဝင်တစ်ဦးအား ရာထူးအဆင့် တံဆိပ်တတ်ဆင် ချီးမြှင့်ပေးပြီး ခရိုင်အဆင့် မီးသတ်ကျင့်ဝတ် ပထမဆုရရှိသည့် တပ်ဖွဲ့ဝင်တစ်ဦး၊ ခရိုင်အဆင့် အိမ်ထောင်သည် လိုင်းခန်းဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ လုပ်သက် (၂၅) နှစ်ပြည့် အရံမီးသတ် တပ်ဖွဲ့ဝင်များနှင့် ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာ၊ နယ်မြေမီးသတ်စခန်း အဆောက်အဦ တည်ဆောက်ရန် မြေနေရာလှူဒါန်းပေးသည့် အလှူရှင်တို့အား အသီးသီးဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းဦးက (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နေ့အခမ်းအနားဂုဏ်ပြု အမှာစကားပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ကျော်စိုး( ကော့သောင်း)