မင်းဘူး စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း၊ မင်းဘူးမြို့မန်းရေနံမြေမှ (CSR) ရန်ပုံငွေဖြင့် ပညာရေးကဏ္ဍတွင် ဆောင်ရွက်သော စာသင်ကျောင်းများအတွက် လေးယောက်တွဲ စာသင်ခုံ ၄၆ ခုံကို ယနေ့ နံနက်ပိုင်းက ကြီးပင်ကန်ကျေးရွာနှင့် လက်ပံတပင်ကျေးရွာတို့တွင် လှူဒါန်းပေးအပ်ခဲ့ကြသည်။
ထိုသို့ လှူဒါန်းပေးအပ်ရာတွင် မင်းဘူးမြို့မန်းရေနံမြေမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်မောင်မောင်နှင့် တာဝန်ရှိသူများက မင်းဘူး (စကု)မြို့နယ်အတွင်းရှိ ကြီးပင်ကန်ကျေး ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အတွက် စာသင်ခုံ ၄၀ နှင့် လက်ပံတပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွက် စာသင်ခုံ ၆ ခုံ၊ စုစုပေါင်းငွေကျပ် (၃၁)သိန်းကျော် တန်ဖိုးရှိ စာသင်ခုံများကို ကျေးရွာကျောင်းအုပ်ဆရာမကြီးများထံသို့ သွားရောက်လူဒါန်း ပေးအပ်ခဲ့ကြသည်။ အဆိုပါစာသင်းကျောင်းများကို မင်းဘူးမြို့ မန်းရေနံမြေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း CSR ရန်ပုံငွေဖြင့် ဆောက်လုပ်လှူဒါန်းပေးထားကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မင်းဘူးမြို့ မန်းရေနံမြေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း CSR ရန်ပုံငွေဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူ့ အထောက်အကူပြု အခြေခံအဆောက်အဦး စသည့် ကဏ္ဍမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့မန်းရေနံမြေရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)