ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးကြိုးထိမှန်သေဆုံးသူနှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦး ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အမိုးလန် ပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်

ကျောက်ကြီး မေ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မီးတိုင်တောကျေးရွာအုပ်စုတွင် မိုးကြိုးထိမှန် သေဆုံးသူနှစ်ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦး၊ မြောင်းရိုးကြီးကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ်နှစ်လုံး အမိုးလန်ပျက်စီးဆုံးရှုံးမှုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ကွင်းဆင်း ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်တွင် ဧပြီလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် လေပြင်းတိုက်ခတ် မိုးရွာသွန်းပြီး မိုးကြိုပစ်ခတ်မှုကြောင့် မီးတိုင်တော ကျေးရွာအုပ်စု မီးတိုင်တောကျေးရွာနေသူ သားအဖနှစ်ဦး မိုးကြိုထိမှန်သေဆုံးပြီး ယောက္ခမဖြစ်သူမှာ မုန်းဒေသတိုက်နယ်ဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူရမှုအပေါ်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုလွင်နှင့် ဌာနရုံး ဝန်ထမ်းများ ကွင်းဆင်းပြီး မိုးကြိုးထိမှန်သေဆုံးခဲ့သည့် သားအဖနှစ်ဦးအတွက် တစ်ဦးလျှင် (၃) သိန်းကျပ် နှစ်ဦးအတွက် (၆) သိန်းကျပ်၊ မိုးကြိုးစက်ကွင်းမိ ဆေးကုသမှုခံယူရသူအတွက် (၅) သောင်းကျပ်အား အတူနေမိသားစုဝင်များလက်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မြောင်းရိုးကြီးကျေးရွာအုပ်စု ညောင်ပင်ဆိပ်ကျေးရွာ၌ ဧပြီလ ၃၀ ရက်နေ့ ညနေ့ ၃ နာရီခွဲအချိန်တွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့သဖြင့် လူနေအိမ် (၂) လုံး အမိုးလန် ပျက်စီးဆုံးရှုံးအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၅၆၈၀၀/-) ကျပ်အား မိသားစုများလက်သို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်