မယ်စဲ့ စက်တင်ဘာ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က ပြည်သူများ နေအိမ် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို မြောက်ပိုင်း ရပ်ကွက် မြို့မရဲစခန်းရှေ့နှင့် တောင်ပိုင်းရပ်ကွက် အထက (မယ်စဲ့) ကျောင်းရှေ့တို့၌ ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ မြို့တွင်းသွားလာနေသော ပြည်သူ များအား နှာခေါင်းစည်း တပ်ဆင်မှုရှိ/မရှိ စစ်ဆေးပြီး နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား နှာခေါင်းစည်းနှစ်ခုကို ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ချက်ချင်း ဝယ်ယူတပ်ဆင် စေပြီး မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်နှင့် နေအိမ်အပြင်ထွက်ပါက မဖြစ် မနေ နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူအများစုမှာ နှာခေါင်းစည်း တပ်ဆင် သွားလာနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)