မော်လိုက်မြို့၌ ပြည်သူများမြေငှားဂရန် လျှောက်ထားနိုင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

မော်လိုက် မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့ပေါ်ရှိပြည်သူများ မြေငှားဂရန်လျှောက်ထားနိုင်ရေး နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ကော်လိတ္တော် အရာရှိ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “မော်လိုက်မြို့နယ်အနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ စစ်တမ်းကောက်ယူမှုအရ မြို့ပေါ်(၂)ရပ်ကွက်တွင် အိမ်ခြေ(၉၄၀) ရှိ ပြီး၊ နေအိမ်ဝင်းဂရန် ဆောင်ရွက်ထားသည့် ဝင်းပေါင်း(၅၄၄)ဝင်းရှိပါကြောင်း၊ နေအိမ်ဝင်းဂရန် ဆောင်ရွက်ထားသည့် ဝင်းပေါင်း (၅၄၄)ဝင်းတွင် သက်တမ်းရှိ နေအိမ်ဝင်း (၂၂၀)ဝင်းရှိပြီး ဂရန်သက်တမ်းလွန် နေအိမ်ဝင်း(၃၂၄)ရှိပါကြောင်း၊ ဂရန်သက်တမ်း လွန်နေသူများအနေဖြင့် မြေငှားဂရန်ပါ စည်းကမ်းချက်များကို သိရှိလိုက်နာဖို့ရန် လိုအပ်မှာ ဖြစ်ပါကြောင်း၊ နှစ်လွန်ဒဏ်ကြေး တွက်ချက်ရာမှာ ၂၀၁၇ ခုနှစ်မှ ယနေ့အထိ သက်တမ်းလွန်မှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်ပေးသည့် ဇုံနှုန်းအတိုင်း တွက်ချက်သွားမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ အစောပိုင်းကာလအတွက် လက်ရှိကောက်ခံနေသည့် မြေခွန်နှုန်းထားဟောင်းများအတိုင်း တွက်ချက်၍ ပြည်သူများ နစ်နာမှုမရှိစေရေး ဖြေလျှော့ ကောက်ခံပေး သွားမည်ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများအား လူနေထိုင်ရန်၊ စက်မှုလုပ်ငန်း/စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် မြေငှားဂရန်များ ချထားပေးရာမှာ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ငွေဆုံးရှုံးနစ်နာမှု မရှိစေရန်အတွက်သာ ရှေးရှုဆောင်ရွက်နေခြင်း မျိုးမဟုတ်ဘဲ ပြည်သူများမှ မိမိတို့နေထိုင်နေသော နေအိမ်ဝင်းများအား မြေငှားဂရန် ဆောင်ရွက် ထားခြင်းကြောင့် မြေယာပိုင်ဆိုင်မှု အထောက်အထား ခိုင်မာခြင်း၊ မိမိတို့၏ စီးပွားရေး၊ စားဝတ်နေရေး လိုအပ်ချက်အရသော် လည်းကောင်း၊ နေရာဒေသပြောင်း ရွှေ့ခြင်းကြောင့်သော် လည်းကောင်း၊ မိမိတို့ပိုင်ဆိုင်သည့် အိမ်၊ ခြံ၊ မြေများအား တရားဝင် လွှဲ/ပြောင်းခြင်း၊ ရောင်းချပိုင်ခွင့်ရှိခြင်း၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် မြန်မာ့ စီးပွားရေးဘဏ်များတွင် အိမ်ပေါင်ချေးငွေ လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း စသည့် အခွင့်အရေးများ အပြည့်အဝ ခံစားရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်လှိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက် ကော်လိတ္တော် အရာရှိ) ဦးဝဏ္ဏထွန်းနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဌေးတို့က မြေငှားဂရန် သက်တမ်းတိုးခြင်း၊ အသစ်တဖန်ပြန်လည် လျှောက်ထား ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသည့် ပြည်သူများမှ သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးအေးလွင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက် ကော်လိတ္တော်အရာရှိ) ဦးဝဏ္ဏထွန်း၊ ခရိုင်/မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မြေငှားဂရန်များ သက်တမ်းတိုးခြင်း၊ အသစ်တဖန် ပြန်လည်လျှောက်ထား ဆောက်ရွက်ခြင်းတို့ဖြင့် ပြည်သူတို့၏ မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ခိုင်မာမှုရှိစေမည့်အပြင် သက်တမ်းရှိ မြေငှားဂရန်ပိုင်ဆိုင်မှု အထောက်အထားကို အခြေပြု၍ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ရာ၌လည်း အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မော်လိုက်သားလေး