ဒေးဒရဲ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ရုံးလုံခြုံရေးများ အထူးဂရုပြုဆောင်ရွက်ရန်၊ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအဖြစ် ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဥ်များ၊ မီးဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်ဆောင်ရွက် ထားရှိရန် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက မြို့နယ်နှင့်ကျေးရွာများ အေးချမ်းသာယာမှု ရှိစေရေး လုံခြုံရေး အစီအမံများ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသော မြို့နယ် ဌာနဆိုင်ရာများက ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများအား တင်ပြဆွေးနွေးမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း