မြိတ် မေ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့သာယာလှပရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်များဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါများကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးတွင် ပွင့်လင်းမြင်သာစွာ ဖွင့်လှစ်ခဲ့သည်။
အိတ်ဖွင့်တင်ဒါဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးက လျာထားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ပစ္စည်းဈေးနှုန်းတွေကွာဟမှု ကျဉ်းမြောင်းနိုင်ရေးအတွက် လုပ်ငန်းများအဆင်ပြေစေရန်၊ တင်ဒါအောင်မြင်ကြသူများအနေနဲ့လည်း သတ်မှတ်ထားသည့် တင်ဒါစည်းကမ်းအတိုင်းဆောင်ရွက်ပေးကြရန်နှင့် အရည်အသွေးပြည့်ဝသည့် ပစ္စည်းများပေးသွင်းကြရန်နှင့် လျာထားလုပ်ငန်းများ သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေးအတွက် သတ်မှတ်ကာလအရောက် ပေးသွင်းဆောင်ရွက်ပေးကြရန် ပြောကြားပြီး အင်ဂျင်နီယာမှူး ဦးနေမျိုးက တင်ဒါစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြား၍ ပစ္စည်းတင်ဒါများကို ပွင့်လင်းမြင်သာစွာ ဖွင့်လှစ်ခဲ့ကြသည်။
မြိတ်မြို့သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘိလပ်မြေ၊ ကျောက်ဆိုဒ်စုံ၊ သဲကြမ်း၊ သစ်ခွဲသား၊ သံချောင်းဆိုဒ်စုံ၊ အုတ် စသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများကို တင်ဒါလုပ်ငန်းရှင်များ၏ အိတ်ဖွင့်တင်ဒါများအား တင်ဒါကြီးကြပ်ရေးအဖွဲ့မှ ပစ္စည်းအမျိုးအမည်အလိုက် ပွင့်လင်းမြင်သာစွာ ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်၊ ပြန်/ဆက်)