မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ (မိုး/ဆောင်း) သီးနှံစိုက်ပျိုးနိုင်ရေး ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ မေ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင်  နေကြာ(မိုး/ဆောင်း)သီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဆောင်သည့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက တောင်ဦးကျေးရွာ၊ ထန်းကိုင်းကျေးရွာများသို့သွားရောက်၍ ဒေသခံ တောင်သူများအား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေး နှင့်တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများ အနေဖြင့် မိမိတို့၏ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေ လုံခြုံရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုး အကြိမ်ရေပြည့်စွာ ထိုးနှံကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မင်းလှမြို့နယ် တွင်၂၀၂၂-၂၀၂၃ခုနှစ် တွင် နေကြာ (မိုး/ဆောင်း)သီးနှံစိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများအား မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်၍ သက်ဆိုင်ရာတိုက်နယ်များ အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း‌၊  ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး တောင်သူများမှလည်း ပူးပေါင်းဆောင်ရွက်ကြရန်တို့အား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းညွန့်မောင်က ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက် သီးနှံနေကြာ(မိုး/ဆောင်း) အောင်မြင်ဖြစ်ထွန်း စွာ စိုက်ပျိုးနိုင်ရေးနှင့် လျာထားဧကများတွင် အောင်မြင် စွာ စိုက်ပျိုးနိုင်ရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တောင်သူများက ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက်သီးနှံနေကြာ (မိုး/ဆောင်း)တွင် လျာထားဧကများအောင်မြင်စွာစိုက်ပျိုး နိုင်ရေးဆွေးနွေးခဲ့ကြသည်။

မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ မိုးနေကြာ ၂၅၁၂ ဧက၊ ဆောင်းနေကြာ ၆၀၀၂ ဧက၊ စုစုပေါင်း ၈၅၁၄ ဧကတွင် နေကြာစိုက်ပျိုးရန် လျာထားပြီး မိုးနေကြာစိုက်ပျိုးရန် ၂၅၁၂ ဧကမှ သီးညှပ်ဧက ၁၄၆၇ ဧကအတွက် တစ်ဧကလျှင် နေကြာမျိုး(၁)ပြည် နှုန်းအား တောင်သူများထံ ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ဇာဇာ(အထက်မင်းလှ)