လွိုင်ကော် မေ ၄
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော် ကြီး၌ ဧပြီလ ၃၀ရက်နေ့၌ စတင်ဆင်ယင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ ဘာသာရပ်(ဒုတိယနေ့)ကို စာဖြေ သံဃာ ၂၄ ပါးက အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိသည်။
အဆိုပါ စာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး (၃) ကျမ်း စာမေးပွဲများကို ဖြေဆိုရမည့် နေ့ရက်များအလိုက် ဆက်လက် ဖြေဆိုကြမည်ဖြစ်ပြီး ဩဝါဒစရိယ ဆရာတော်ကြီး (၃)ပါး၊ ဓမ္မာရိယကြီးကြပ်ရေး ဆရာတော်(၆)ပါး၊ ပြည်နယ် သာသနာရေးမှူးနှင့် တာဝန်ရှိသူများက နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိကကဏ္ဍပါဠိ အဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ၊ ဓမ္မသင်္ဂဏီ ပါဠိအဌကထာတို့ကို မေလ(၆)ရက်နေ့အထိ လည်းကောင်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃)ကျမ်းကို မေလ(၇)ရက်မှ (၉)ရက်နေ့အထိ လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို မေလ(၅)ရက်မှ(၁၃)ရက်အထိ လည်းကောင်း ဆက်လက်ဖြေဆိုသွားရမည် ဖြစ်ကြောင်း ပြည်နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ကိုဇင်(လွိုင်ကော်)