ပွင့်ဖြူ မေ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်ရာ၌ စနစ်တကျ လုပ်ကိုင်တတ်စေရန်နှင့် တိရစ္ဆာန်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မင်းဘူးခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်မင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းသည် ပွင့်ဖြူမြို့နယ် အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်ရာ၌ စနစ်တကျ မွေးမြူလုပ်ကိုင်နိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်၍ တက်ရောက်လာသော သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို လက်တွေ့အကျိုးရှိစွာ အသုံးချနိုင်ရေး စနစ်တကျ လေ့လာသင်ယူမှတ်သားကြရန် ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါက်တာ ကြည်ပြာဝင်းရွှေက သင်တန်းတွင် လိုက်နာရမည့်အချက်များနှင့် ပို့ချသင်ကြားပေးမည့် အခြေခံတိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားကာ သင်တန်းဖွင့်လှစ် သင်ကြားပေး မှုအပေါ် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထို့နောက် သင်တန်းကိုဖွင့်လှစ်ကာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါက်တာ ကြည့်ပြာဝင်းရွှေ ဦးဆောင် ၍ ဝန်ထမ်းများက ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဆိတ် စသည့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ ကူးစက်မှု အန္တရာယ် ကင်းဝေးစေရေး ကြိုတင်ကာကွယ် ရမည့်နည်းလမ်းများ၊ ဆေးကုခြင်းဆိုင်ရာ နည်းစနစ်များနှင့် အခြေခံတိစ္ဆာန် မွေးမြူရေးဆိုင်ရာ နည်းလမ်း များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြသည်။
အဆိုပါ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)မှ သင်တန်းသား ၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရကာ ယင်း သင်တန်းကို မေ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )