နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ဂန္ဓာမာပန်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

နတ်မောက်  မေ ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ဘုရားပန်းများဖြစ်သည့်နှင်းပန်း၊ မေမြို့ပန်း၊ ပန်းတိမ်မနိုင်ပန်းများ စိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်း စိုက်ပျိုးရောင်းချခြင်း ဖြင့် မိသားစု စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့က ဂန္ဓာမာပန်းစိုက်ပျိုးရန်အတွက် ပြင်ဦးလွင်မြို့ကနေ ပျိုးပင်များကို ဝယ်ယူစိုက်ပျိုး ရတာဖြစ်ပြီး တစ်ပင်လျှင် ၁၅ ကျပ်၊ ၁၇ ကျပ် အစားစားပေးဝယ်ရပါတယ်၊ တစ်ပင်နှင့်တစ်ပင် ၃ လက်မ ကွာခြား၍ စိုက်ပျိုးရပါတယ်၊ ပန်းပင်များသန်မာပြီး အပွင့်ကြီးထွားမှု ကောင်းစေရန်အတွက် သဘာဝမြေဇာဖြစ်သည့် နွားချေးများကို မြေခံအဖြစ်အသုံးပြု၍ အတန်းလိုက်စိုက်ပျိုးရပါတယ်၊ ပျိုးပင်များ စိုက်ပျိုးပြီးရင် ရေကိုတော့ အခုလိုရာသီမှာဆိုရင် နှစ်ရက်ခြားတစ်ခါ လောင်းပေးရပါတယ်၊ ရွာမှာက လျှပ်စစ်မီးရတယ်လေ ရေမော်တာ ဝယ်ပြီးတော့  ပန်းခင်းထဲကို မြောင်းပေးစနစ်နဲ့ ရေသွင်းလောင်းရပါတယ်၊ ဂန္ဓာမာပန်းစိုက်ပျိုးထားတာကတော့ ပျိုးပင် (၁၀၀၀၀)ကျော် စိုက်ပျိုး ထားပါတယ်၊ ပန်းရောင်းတာကတော့ (၄) ကိုင်းစီးတစ်စီးကို (၁၀၀၀)ကျပ်ရောင်းရပါတယ်၊  ဂန္ဓာမာ ပန်းကြိုက်သူ များကတော့ ပန်းခင်းထဲ အထိလာ ရောက်ဝယ်ယူလျက်ရှိပါတယ်၊ နတ်မောက်မြို့ ယာယီဈေးမှာလည်း လက်လီ၊ လက်ကား သွားရောက် ရောင်းပါတယ်၊ ပန်းများ လှိုင်လှိုင်ပွင့်သည့် ရက်များဆိုလျှင် တစ်နေ့ရောင်းရငွေ (၃၀၀၀၀)ကျပ် ကနေ (၅၀၀၀၀) ကျပ်ထိ ရသည့်အတွက် မိသားစု စားဝတ်နေရေးလေးတော့ အဆင်ပြေပါတယ်” ဟု ကြူအိုင်ကျေးရွာနေ ဂန္ဓာမာပန်း စိုက်ပျိုး ရောင်းချသူ ဦးအုန်းလွင်က ပြောကြားခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်(ပြန်/ဆက်)