ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံ

ပန်းတောင်း မေ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်​ ဆေးပထမအကြိမ် ထိုးရန်ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၃)နေရာ ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးရန်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၃)နေရာဖြစ်သည့် ရွှေပင်ရပ်ကွက် (နာဂမုနိ) ကြခတ်ရပ်ကွက် (ဆုတောင်းပြည့်ဓမ္မာရုံ) ရပ်သာအုပ်စု (အ.လ.က ဘူးဘက်) တို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရကာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ် (၃)နေရာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်း​တောင်း​မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက်  ကာကွယ်ဆေးမထိုးနှံရသေး သူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက  စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။ ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သင်းသင်းအေး