ကသာမြို့ရှိ သီရိခေမာဈေးအတွင်း ရောဂါပိုးများ ဖြစ်ပွားမှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

ကသာ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်တင် ဦးဆောင်သော ဝန်ထမ်းအဖွဲ့တို့သည် မြို့ပေါ်ရှိ ဈေးများအတွင်း ရောဂါပိုးများ ဖြစ်ပွားမှုမရှိစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ကသာမြို့ သီရိခေမာဈေးအတွင်း၌ ပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် သီရိခေမာ ဈေးအတွင်း ဈေးပိတ်ရက်တွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့ပေးသည့် MMK BLEACH REGULARMAX Kills 99.9% of Viruses ဆေးရည်ဖြင့် ဈေးရှိ သားငါးတန်းနှင့် အများသုံးသန့်စင်ခန်းများအား ပိုးသတ်ဆေးဖျန်းပေးခဲ့ခြင်းဖြစ်သည်။

ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ဈေးများမှ ဈေးရောင်းဈေးဝယ်ပြည်သူမျာအား နှာခေါင်းစည်းများ တပ်ဆင်စေရေး ကြပ်မတ်စစ် ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်း‌တာပေးခြင်းနှင့် ဈေးရောင်း/ဝယ်များ လိုက်နာရမည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက် များအား Hand Speaker ဖြင့် အသိပေးကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ရာတွင်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲအောင်(ပြန်/ဆက်)