အောင်လံမြို့၌ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

အောင်လံ စက်တင်ဘာ  ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထကောင်း ရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အားအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီကအောင်လံမြို့ အ−ထ−က(၁)ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းလှုပ်ရှားမှုတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအဖွဲ့များသည်     ပြည်လမ်းမ တစ်လျှောက်လမ်းသွားလမ်းလာများနှင့် ယာဉ်ပေါ်ရှိခရီးသည်များအား နှာခေါင်းစည်း Mask တပ်ဆင် သွားလာမှု ရှိ/မရှိ စစ်ဆေး၍  နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိပါက  Mask တစ်ခုလျှင် ငွေကျပ် (၁၀၀၀)နှုန်း၊ နှစ်ခု(၂၀၀၀)ကျပ်နှုန်း  ဒဏ်ပေးသည့်အနေဖြင့် ရောင်းချတပ်ဆင်စေပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က လိုအပ်လို့ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း အရာဝတ္ထု ပစ္စည်းတစ်ခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောဖို့စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မျိုးသိန်း(ပြန်/ဆက်)