ကျွန်းစုမြို့တွင် စားသောက်ဆိုင်များနှင့်ဈေးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ကျွန်းစု စက်တင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း စားသောက်ဆိုင်များနှင့် ဈေးဆိုင်များ ရောင်းချနေမှုများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းညွှန်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဆရာမများ၊ မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးအင်စိန်တို့ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဈေးရောင်းချနေသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေးခဲ့ရာ Mask မတပ်ဆင်ဘဲ ဈေးရောင်းသူ (၉) ဦးအား စီမံခန့်ခွဲရေးဒဏ်ဖြင့် ငွေကျပ်(၅)ထောင်စီ ဒဏ်ရိုက်အရေးယူခဲ့ကြသည်။

ထိုနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်  များကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာမှုမရှိဘဲ ရောင်းချနေသော ဆိုင်(၄)ဆိုင်တို့ကို ဆိုင်ရှင်များအား စီမံခန့်ခွဲရေးဒဏ်ဖြင့် ငွေကျပ်(၅)ထောင် ချလံဖြင့် ဘဏ်သို့ကိုယ်တိုင်သွင်းစေခြင်းဖြင့် ဒဏ်ငွေရိုက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် ဖောက်ဖျက်ကျူးလွန်ပါက ဆိုင်()ရက် ပိတ်ခိုင်းခြင်း၊ တတိယအကြိမ် ဖောက်ဖျက်ကျူးလွန်ပါက စည်ပင်သာယာရေးအဖွဲ့မှ ချပေးထားသော လုပ်ငန်းလိုင်စင်အား ပြန်လည်ရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)